Arakan Review

စစ်တွေတက္ကသိုလ် အဝေးသင်ကျောင်းသားများ သုံးသိန်းပေးရင် စာမေးပွဲအောင်ရမည်
Wataungthar(Arakan Review) စစ်တွေတက္ကသိုလ်မှာ စာမေးပွဲဖြေဆိုနေကြတဲ့ အဝေးသင် တက္ကသိုလ်ကျောင်းသားတွေကို ငွေ သုံးသိန်းပေးရင် စာမေးပွဲအောင်မယ် ဆိုတာ ကြောင့် ကျောင်းသားတွေရဲ့ မိဘများနှင့်တကွ ဒေသခံလူထုများကပါ ဆိုးဝါးသော မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို လွန်စွာမှစိတ်ပျက် သွားကြ ကြောင်း သိရသည်။

“သုံးသိန်းပေးရင် စာမေးပွဲအောင်မယ်လို့ သတင်းထွက်လာတဲ့နောက်မှာ ကျောင်းသားတွေဟာ စာကျက်ချင်စိတ်လည်း မရှိတော့ဘူး။ မိဘတွေကို အကြောင်းအမျိုးမျိုးပြပြီး တတ်နိုင်လား       မတတ်နိုင်လား မသိဘူး၊  မိဘတွေကလည်း ဒီပညာရေး စနစ်ဆိုးမှာ ဒီလိုမှ မလုပ်ရင် သားသမီး တွေ ဘွဲ့ရတော့မှာ မဟုတ်တော့ပါဘူး ဆိုတဲ့ အသိစိတ်နဲ့ ကြိတ်မှိတ်ပြီး ရှာပေးရတာပါဘဲ” ဟု ကျောင်းသားမိဘ တစ်ဦးက Arakan Review သို့ ပြောပြခဲ့ခြင်းဖြစ်သည်။

ရသေ့တောာင်မြို့နယ်၊ အငူမော်ကျေးရွာကနေ စစ်တွေကိုလာပြီး စာမေးပွဲဖြေဆိုရမယ့်  အဝေးသင် ကျောင်းသားတစ်ဦးက “ ကျနော် အရမ်းစိတ်ပျက်သွားပြီ၊ ကျနော်တို့က ပညာကို တန်ဖိုးထားလို့ ကြိုးစားကျက်မှတ်လာတာတွေဟာ အခု ပိုက်ဆံ သုံးသိန်းနဲ့ တန်ဖိုးဖြတ်သွားပြီ။ ကျနော် ကြိုးစားကျက်မှတ်လို့ စာမေးပွဲအောင်သွားရင်လည်း အများအမြင်မှာ ပိုက်ဆံပေးပြီး အောင်တယ်လို့ သမုတ်ခံရမှာဘဲ။ ဒါကြောင့် အစောကတည်းက အဖေက နေ့သင်တက္ကသိုလ် ကိုတက်ပါလို့ ပြောတယ်၊ အဝေးသင်က စာမေးပွဲအောင်ပြီး ဘွဲ့ရရင်လည်း ဘာမှ သုံးစားလို့မရ ဘူးတဲ့။ မိဘတွေက ပင်ပန်းကြီးစွာ လုပ်ကိုင်စားသောက်ရတဲ့ တောင်သူတွေမို့ ကျနော်က ၀င်ကူ ရင်းနဲ့ အဝေးသင်နဲ့ဆို သင့်တော်မယ်လို့ ဆုံးဖြတ်ပြီး တက်လိုက်တာပါ” ဟု ပြောပြခဲ့ပါသည်။

မြန်မာနိုင်ငံ၏  ပညာရေးစနစ်က ပိုက်ဆံပေးလိုက်ရင် စာမေးပွဲလည်း အောင်ရမည်၊ အမှတ် လည်း ကောင်းရမည်၊၊ဘွဲ့လည်းရမည့် စနစ်ဖြစ်နေသည်မှာ နောင်တွင် တိုင်းပြည်၏ တစ်ထောင့် တစ်နေရာတွင် တာဝန်ယူလာကြမည့် အနာဂတ် လူကြီးလူကောင်းများသည် ပိုက်ဆံပေး၍ စာမေးပွဲအောင်လာသူများ၊ ဦးနှောက်မရှိသူများ ဟု အပြောခံလာရမည်မှာ မြေကြီးလက်ခတ် မလွဲနိုင် ဟု စစ်တွေတက္ကသိုလ်မှ ကျောင်းသားဟောင်း တစ်ဦးက ဝေဖန်သွားပါသည်။

ရွှေးကောက်ပွဲအတွက် ပြည်သူ့စစ် သင်တန်းများ ဆက်လက် ပို့ချ
11/20/2009

မင်းဆက်ခိုင်(နိရဉ္စရာ) ရခိုင်ပြည်နယ် အနှံ့အပြားတွင် နအဖ စစ်အာဏာပိုင်များက ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲ အတွက် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ပြည်သူ့စစ် သင်တန်းများ တခုပြီး တခုဖွင့်လှစ်နေရာ လွန်ခဲ့သော အပတ်က ဘူးသီးတောင်မြို့နယ်တွင် လူပေါင်း ၁၂၀ ပါဝင်သည့် ပြည်သူ့စစ် သင်တန်း တခုကို လွန်ခဲ့သော အပတ်က ဖွင့်လှစ်ပို့ချခဲ့သည်။

ညောင်ချောင်း ကျေးရွာမှ အရပ်သား တဦးက “ အခုလို ပြည်သူ့စစ်သင်တန်းတွေကို ရခိုင်ပြည်နယ်ထဲက မြို့နယ် တခုပြီး တခုမှာ ဖွင့်လှစ်နေပါတယ်။ သူတို့က ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲအတွက် လူထု အင်အားတွေကို သိမ်းကျုံးပြီး စုစည်း နေပါတယ်။ ကျနော်တို့ရွာမှာ ပြုလုပ်တဲ့ သင်တန်းမှာ ရွာပေါင်း ၅ ရွာက လူပေါင်း ၁၂၀ ပါဝင်ပါတယ်။ သူတို့ကို လက်နက်ကိုင် တပ်ဖွဲ့က ကိုင်တွယ်ပြီးတော့ စီမံဆောင်ရွက် သွားပါလိမ့်မယ်” ဟု ပြောသည်။

ယခု ပြုလုပ်သော သင်တန်းတွင် ညောင်ချောင်းကျေးရွာမှ ၃၀ဦး ၊ ကျိန်းကျောင်းကျေးရွာမှ ၂၅ဦး၊ မာန်အောင်ကျေးရွာမှ ၁၀ဦး၊ သေကန် ခွဆုံကျေးရွာမှ ၂၅နှင့် စေတီတောင်ကျေးရွာမှ ၃၀ဦး စုစုပေါင်း သင်တန်းသား ၁၂၀ တို့ ဖြစ်သည်။

ပြည်သူ့ စစ်သင်တန်းကို ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာတွင် နိုဝင်္ဘာလ ၁ရက်နေ့မှထိ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

Narinjara

ရွှံမီးတောင်ပေါက်ကွဲမှုကြောင့် နဂါးရွာသားများ အခက်အခဲကြုံနေရ
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ နဂါးကျေးရွာအနီး နဂါးရွှံ့မီးတောင်ပေါက်ကွဲမှုကြောင့် ၎င်းကျေးရွာသားများ လယ်ဧက (၂၀) ခန့်ဆုံးရှုံးနေပြီး ရွာသားအချို့  အခြားနီစပ်ရာ ရွာများသို့ ပြောင်းရွေ့နေရသည် ဟု အမည်ဖော်လိုသူ မာန်အောင်မြို့မှ ကြံ့ခိုင်ရေးမှ အဖွဲ့ဝင်တစ်ဦးမှ Arakan Review သို့ ပြောကြားခဲ့သည်။

“ ဆူနာမီဖြစ်တဲ့နေ့မှာ နဂါးရွာက လယ်ဧက (၂၀) လောက်ပျက်စီးသွားခဲ့တယ်၊ အိမ်ခြေ (၄၆) အိမ်မှာ (၂၄) အိမ်လောက်သာကျန်ခဲ့တယ်၊ အခုထက်ထိ အဲဒီလယ်တွေကို ရွာသားတွေ လုပ်စားလို့မရသေးဘူး၊ ရွာသားတွေလည်း အခြားရွာတွေကို ပြောင်းရွေ့နေရတယ်၊  အခုရွာထဲမှာ နဂါးးဗွက်တွေထနေတယ်၊ လူတွေကလည်း စားရေးသောက်ရေး ခက်ခဲနေတယ်၊ စီးပွါးရေးအခြေအနေကလည်း မကောင်း၊ ရွာသားတွေလည်း အနီးအနားမှာ ကြုံရာအလုပ်ကို လုပ်ကိုင်စားသောက်နေကြရတယ်” ဟု၎င်းကပြောသည်။

စူနာမီဖြစ်ပြီးနောက်ပိုင်းတွင် နဂါးးမီးတောင်မှ တစ်နှစ်ကို တစ်ကြိမ်လောက်ပုံမှန်ပေါက်ကွဲမှု ဖြစ်ပွားပြီး ပေါက်ကွဲမှု (၁၀) ကြိမ်ခန့်ရှိနေသည်ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ် ရှိမီးတာင်များမှာ (၂၀၀၄) ခုနှစ် စူနာမီဖြစ်ပြီးနောက်ပိုင်းတွင် ယခုထက်ထိ မကြာခဏ မီးတောင်ပေါက်ကွဲမှု ဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။

ရခိုင်ပြည်နယ်၊ မာန်အောင်ကျွှန်း ဇီးပင်ကြီးချောင်း ကျေးရွာအနီးရှိ နဂါးပြင်မီးတောင်မှ ၂၀၀၈ ခုနှစ် သြဂုတ်လ (၇) ရက်နေ့တွင် ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပြီး နှစ်စဉ် ဇွန်လ၊ ဇူလိုင်လ ၊သြဂုတ်လတွင် ပေါက်ကွဲမှုဖြစ်ပေါ်လျှက်ရှိသည်ဟု သိရသည်။

မာန်အောင်မြို့နယ် နံသာကျွှန်းမီးတောင်မှလည်း (၂၀၀၈) ခုနှစ်တွင် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး ၎င်းမီးတောင်မှ နှစ်ကြိမ်တိုင်တိုင် ပေါက်ကွဲခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်နယ် ၊ ရမ်းဗြဲကျွှန်းပေါ်တွင် တည်ရှိသော စိုင်းခြုံမီးတောင်မှလည်း ဇန်န၀ါရီလ ၅ရက် ၊ နေ့တွင်ပေါက်ကွဲခဲ့ပြီး လယ်မြေ နှစ်ဧက ပျက်စီးခဲ့ပြီး (၂၀၀၆) နှင့်၊ (၂၀၀၇) တွင်လည်း တစ်ကြိမ်ကျစီပေါက်ကွဲခဲ့ကြောင်းသိရသည်။

မာန်အောင်မြို့နယ်၊ သစ်ပုံကျေးရွာအနီး သစ်ပုံနဂါးမီးတောင်မှာ စူနာမီမဖြစ်မှီအချိန်က အပြင်အထန် ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ခဲ့ကြောင်း ၎င်းရွာမှ ကျောင်းဆရာမ တစ်ဦးက Arakan Review ကိုပြောကြားခဲ့သည်။

ကျောက်ဖြူ ငါးပုစွန်ဈေးကွက်မှ ငါးအမျိုးအမည် (၂၀) ကျော် ရန်ကုန်သို့ တင်ပို့
ရခိုင်ကမ်းရိုးတန်းရှိ ရေလုပ်ငန်းအဓိကလုပ်ကိုင်ရာ ကျောက်ဖြူမြို့  ငါးပုစွန်ဈေးကွက်တွင် ငါးအမျိုးအမည် (၂၀) ကျော်ခန့်ဝင်ရောက်ပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ ကျောက်ဖြူမြို့ တွင် ကမ်းနီးငါးဖမ်းသင်္ဘောများ၊ မော်တော်များကို အားထားကာ ငါး၊ ပုစါန်များကို ၀ယ်ယူနေရာ ငါးပါးနီ၊ ငါးတောက်တူ၊ ငါးမုတ်ဖြူ၊ ငါးမုတ်မည်း၊ ငါးသင်းဝါ၊ ကကတစ်၊ ငါးတံခွန်၊ ငါးလိပ်ကျောက်၊ ကျောက်ပုစွန်၊ ကင်းပုစွန်များကို အသားပါးလွှာထုတ်ပြီး ရေခဲရိုက်တင်ပို့ခြင်းရှိသလို အကောင်လိုက် တင်ပို့ခြင်းလည်း ရှိကြောင်း ကျောက်ဖြူမြို့ မှ ရေလုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။ ရခိုင်ဒေသတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်က စတင်ကာ ရန်ကုန်အခြေစိုက် ငါးဖမ်းသင်္ဘောများကို တိုက်ရိုက်လာရောက်ဖမ်းဆီးကာ ထောက်ပံ့ရေးသင်္ဘောများဖြင့် ရန်ကုန်စက်ရုံသို့ တိုက်ရိုက်တင်ပို့ခဲ့ကြသည်။

ဝင်းမောင် (မောင်တော)

Bi-Weekly Eleven Journal

No 34, Vol 2 Nov-13, 2009

မြေယာ သိမ်းပိုက်မူ သတင်းတွင် တပ်ရင်း နံပတ် မှားလွင့်၍ ရွာသားများ စစ်ဆေး မေးမြန်းခံရ
11/18/2009

မောင်အေး(နိရဉ္စရာ) ပြည်ပအခြေစိုက် မြန်မာ အသံလွင့် သတင်းဌာန တခုမှ ရခိုင်ပြည်နယ်တွင် နအဖ စစ်တပ် တပ်ရင်းတခုက ကျေးရွာ တရွာမှ လယ်မြေ သိမ်းပိုက်မူ သတင်းတပုဒ်ကို ထုတ်လွင့်ရာတွင် စစ်တပ် တပ်ရင်းအမည်ကို မှားယွင်းစွာ ထုတ်လွှင့်ခဲ့သဖြင့် ကျေးရွာသားများကို စစ်တပ်က ခေါ်ယူမေးမြန်း စစ်ဆေးခဲ့သည်။

အမည်မဖေါ်လိုသူ ကျေးရွာသား တဦးက “ကျွန်တော်တို့ ပုဏ္ဍားကျွန်းမြို့နယ် အမဲ ခင်ကျေးရွာက လယ်မြေဧက ၆၃ ဧကို သိမ်းပိုက်တဲ့ တပ်ရင်းက စစ်တွေ အခြေစိုက် ခမရ ၃၄၄ ဖြစ်ပါတယ်။ ဒါကို ပုဏ္ဍားကျွန်း အခြေစိုက် ခမရ ၅၅၀က ဆိုပီး ထုတ်လွင့်ခဲ့တဲ့ အတွက် အဲဒီ တပ်ရင်းက မကျေနပ်တဲ့အတွက် ရွာသားတွေကို ခေါ်ယူပြီး စစ်ဆေးမေးမြန်းမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်တွေ အခြေစိုက် ခမရ ၃၄၄ က လွန်ခဲ့သည့် ဇွန်လအတွင်းက အမဲခင်ကျေးရွာမှ ရွာသားများ ပိုင်ဆိုင်သည့် လယ်မြေများနှင့် စားကျက်မြေ ၆၃ ဧက ကို လျော်ကြေး တစုံတရာမပါဘဲ သိမ်းပိုက်ခဲ့သည်။

“ သတင်းက ဇွန်လ ၁၂ ရက်နေ့မှာ ပါသွားတယ်လို့ သိရပါတယ်၊ အဲဒီသတင်းကြောင့် ခမ၇ ၅၅၀က တပ်ရင်းမှူးက ငါတို့တပ်ရင်း သိမ်းတာ မဟုတ်ဘဲ ဘာလို့ ငါတို့ တပ်ရင်းကို ဖေါ်ပြရမလဲ။ သူက ပုဏ္ဍားကျွန်းမြို့က မြေတိုင်း စာရေးတွေကို ခေါ်ပြီး ဘယ်လယ်တွေကို ငါတို့ သိမ်းသလဲ။ ရွာသားတွေကို ခေါ်ပြီးမေးပါတယ်။ ချက်ချင်း ဆိုသလိုဘဲ ခမရ ၃၃၄ တပ်ရင်းမှူးလည်း အဲဒီနေ့မှာဘဲ ရွာကိုရောက်လာ တော့ သူတို့ အချင်းချင်း စကားများကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့ပြေလည် သွားကြပါတယ်။ ဒါပေမယ့် ခမရ ၅၅၀ တပ်ရင်းမှူးက ရွာသားတွေကို တပ်ရင်း နံပတ်မှားပြီး သတင်းပို့တယ်ဆိုပြီး လုံးဝ မကျေနပ်ဘဲ ဖြစ်နေပါတယ်” သူက ဆက်ပြောသည်။

ယခုအခါ အပတ်စဉ်တိုင်း အမဲခင်ကျေးရွာမှ ဆယ်အိမ်မှူး ခမရ ၅၅၀ ဌာနချုပ်သို့ သွားရောက်ပြီး အစစ်ဆေးခံနေရပြီး အမဲခင် ရယက ဥက္ကဌ ဦးဦးစိန်သာမှာ တိမ်းရှောင်နေရသည်ဟု သိရသည်။

ခမရ ၃၃၄ တပ်ရင်းမှ သိမ်းဆည်းလိုက်သည့် လယ်မြေများထဲတွင် အမဲခင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းပိုင်မြေ ဖြစ်ပြီး အဆိုပါ မြေထဲတွင် တည်ရှိသော ဘုန်းတော်ကြီး အရိုး အုဋ်ဂူများကို ဖြိုဖျက် ပစ်ခဲ့ပြီး ဗောဓိပင်များကိုမူ ခုတ်လှစ်ပစ်ခဲ့ဟု သိရသည်။

Narinjara

သတင်းထောက်များ နယ်စပ်ခြံစည်းရိုးမသွားရ
ငြိမ်းချမ်း

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 18 ရက် 2009 ခုနှစ်

ဒါကာ (မဇ္ဈိမ)။      ။ ရခိုင်ပြည်နယ် မောင်တောမြို့ရှိ မြန်မာ-ဘင်္ဂလား နယ်စပ်ခြံစည်းရိုးအနီး သတင်းထောက်များ သွားရောက်ခြင်းကို ဘင်္ဂလား နယ်ခြားစောင့်တပ် BDR က တားမြစ်လျှက် ရှိသည်။

ဒေသခံများမှအပ ပြင်ပလူများ ဝင်ရောက်လာပါက စစ်ဆေးရန်နှင့် သတင်းထောက်များကို နယ်စပ်ခြံစည်းရိုးဆီ သွားရောက်ခွင့် မပြုရန် ဘင်္ဂလား-မြန်မာ နယ်စပ်မြို့ ကော့စ်ဘာဇာ အခြေစိုက် အမှတ် ၇ BDR တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ရှာခါဝပ် (LC. Shakawep) က ယခုလ ဒုတိယပတ်မှ စတင်၍ တားမြစ်ခဲ့ခြင်း ဖြစ်သည်။

တောင်ပြို BDR စခန်းအနီး နေထိုင်သည့် ရွာသားတဦးက “သတင်းထောက်တွေလာရင် အထောက်အထားတွေ စစ်ဆေးတယ်။ စခန်းကိုပဲ သွားခွင့်ပြုတယ်။ နယ်စပ်နားကို သွားခွင့်မပြုတော့ဘူး” ဟု ပြောသည်။

ပြီးခဲ့သည့်လ ၂၀ ရက်နေ့တွင် နိုင်ငံခြားရေး ဝန်ကြီး ဒီပူ မိုနီ Dipu Moni က သူမ၏ ရုံးခန်းတွင် နှစ်နိုင်ငံနယ်စပ် အခြေအနေနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီးနောက် နယ်စပ်ဒေသို့ သတင်းထောက်များ ခရီးသွားလာမှုကို စောင့်ကြပ် စစ်ဆေးလာခဲ့သည်။

“တချို့ သတင်းမီဒီယာတွေဟာ အိမ်နီးချင်း နှစ်နိုင်ငံအကြား နားလည်မှု လွဲမှားနိုင်စေတဲ့ သတင်းမျိုးတွေကို ဖန်တီးကောင်း ဖန်တီးနေတဲ့ အစိတ်အပိုင်း ဖြစ်တယ်” ဟု မစ္စစ် ဒီပူမိုနီက စွပ်စွဲပြောဆိုပုံကို ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် Thedailystar သတင်းစာတွင် ကိုးကား ဖော်ပြခဲ့သေးသည်။

ယခင်က ခြံစည်းရိုးကာသည့် နေရာသို့ သွားရောက်ရာတွင် BDR တပ်ဖွဲ့ဝင်များက လိုက်လံပြသပေးသော်လည်း ပြီးခဲ့သည့်လတွင် နှစ်နိုင်ငံ စစ်ရေးတင်းမာမှု ဖြစ်ပေါ်လာပြီးနောက် ယခုလို အဟန့်အတားများ ပေါ်ထွက်လာခြင်း ဖြစ်သည်။

နှစ်နိုင်ငံနယ်စပ်သည် ကီလိုမီတာ ၂၀၀ ခန့် ထိစပ်နေပြီး၊ ကီလိုမီတာ ၁၀၀ ခန့် ရှည်လျားသည့် တက္ကနာဒေသမှ နတ်ကျောက်စရီအတွင်း တက္ကနာအခြေစိုက် အမှတ် ၄၂ BDR ၊ ကော့စ်ဘာဇာ အခြေစိုက် အမှတ် ၇ BDR နှင့် နတ်ကျောက်စရီ အခြေစိုက် အမှတ် ၁၅ BDR တပ်များက လုံခြုံရေး ယူထားကြသည်။

မြန်မာအာဏာပိုင်များက မောင်တောမြို့နယ်အတွင်းရှိ ကီလိုမီတာ ၈၀ ခန့် ကွာဝေးသည့် အလယ်သံကျော်မှ ဘောသလာ ကျေးရွာအထိ နယ်စပ်ခြံစည်းရိုး ကာရံသွားရန်အတွက် ယခုနှစ် မတ်လနှောင်းပိုင်းမှ စတင်ခဲ့ရာ ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည်။

Mizzima

မောင်တော ရွှေ့ ပြောင်းတောင်ယာစနစ် ပပျောက်ရေးဆောင်ရွက်
မောင်တောမြို့ နယ်အတွင်း ရွှေ့ ပြောင်းတောင်ယာ စိုက်ခင်းစနစ်ပပျောက်ရေးအတွက် ဒေသခံ တောင်ယာခုတ်သူများကို စည်းရုံးကာ နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးခြင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့ နယ်သစ်တောဌာနမှ သိရသည်။

မောင်တောမြို့ နယ်အတွင်းတွင် ယာမြေဧက ခြောက်ထောင်ကျော်ရှိပြီး အများစုမှာ ရွှေ့ ပြောင်း တောင်ယာစနစ်ဖြင့် စပါးနှင့် ရာသီပေါ်သီးနှံများကိုသာ အဓိက စိုက်ပျိုးကြကြောင်း သိရသည်။ ရွှေ့ ပြောင်း တောင်ယာစနစ်မှာ တစ်နှစ်လုပ်ကိုင်ပြီး နေရာသစ်တွင် သစ်ပင်၊ ၀ါးပင်များကို ခုတ်လှဲမီးရှို့ ပြီးဖြစ်ကြောင်း ဒေသ၏ သစ်တောပြုန်းတီးမှု ဖြစ်ပေါ်စေကြောင်း သိရသည်။ မောင်တောမြို့ နယ်တွင် (၂၀၀၆) ခုနှစ် ကစတင်ကာ ရွှေ့ ပြောင်း တောင်ယာစနစ် ပပျောက်ရေးကို ဆောင်ရွက်ခဲ့ပြီး အဆိုပါနှစ်တွင် တောင်သူများက နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးရာမှ ဒေသခံတောင်သူများအတွက် ၀င်ငွေ ပိုကောင်းလာနိုင်သလို ရွှေ့ ပြောင်းတောင်ယာစနစ်လည်း နည်းပါးသွားမည်ဖြစ်ကြောင်း သစ်တောဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

သားရွှေဦး (ကစ္ဆပ)

Weekly Eleven

No 6, Vol 5 Nov-18, 2009

ကျော်ဖြူမြို့ အနီးမှ ထွက်သောရေနံများကို ဒေသခံများက တူးဖော်ရောင်းချ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အနီးဝန်းကျင်တွင် ထွက်ရှိသောကုန်းတွင်းရေနံတွင်းငယ်များမှ ရေနံများကို ဒေသခံများက တစ်ပိုင်တစ်နိုင် တူးဖော်ထုတ်လုပ်ကာ ဒေသခံ လုပ်ငန်းရှင်များသို့ ရောင်းလျက်ရှိရာ အလုပ်အကိုင် အခွင့်အလမ်းတစ်ခုအဖြစ် လုပ်ကိုင်နေကြောင်း သိရှိရသည်။

ကျောက်ဖြူမြို့  ကုန်းတွင်းရေနံတွင်းငယ်များမှ ရေနံ အမြောက်အမြားကို ထုတ်ယူခဲ့ကြကြောင်း သိရသည်။ အဆိုပါ ရေနံများကို ဒေသဆိုင်ရာ လုပ်ငန်းရှင်များကို ဒေသဆိုင်ရာ လုပ်ငန်းရှင်များသို့ တိုက်ရိုက် ရောင်းချခဲ့ရသဖြင့် ရေနံတူးသူများ အခွင့်အလမ်းဆုံးရှုံးခဲ့ရကြောင်း သိရသည်။

လက်ရှိအနေအထားတွင် ရေနံတူးသူများအနေဖြင့် ရေနံ အမြောက်အမြားရရှိမှု မရှိသော်လည်း နေ့တွက်ကိုက်ရုံဖြင့်ပင် တစ်ပိုင်တစ်နိုင် လက်တွင်းများ တူးပြီး ထုတ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။ ရေနံတွင်းတူးသမားတစ်ဦးက “ အရင်နှစ်တွေက တွင်းတူးလိုက်ရင် ရေနံထွက်တဲ့နေရာများပေမယ့် ဒီနှစ်ထဲမှာတော့ သိပ်မထွက်တော့ဘူး၊ တစ်တွင်းတူးရင် သုံးလေးရက် ကြာပေမယ့် မတွေ့ရင် ရှုံးပြီး တွေ့ရင် ဂါလန် တစ်ဆယ်၊ နှစ်ဆယ်သာထွက်တော့ စာရုံပဲ” ဟု ပြောကြားခဲ့သည်။

ရေနံစိမ်းများကို ဒေသတွင်း အသုံးပြုရုံမက အခြားမြို့ နယ်များသို့ တင်ပို့ကြောင်း မြို့ နယ်အတွင်း ရေနံချက်သော နေရာများကိုလည်း ဆောက်လုပ်ထားပြီး ဖြစ်ကြောင်း အချို့ နေရာများတွင် ကုမ္ပဏီမှ တူးယူခွင့်ရှီကြော်ငး သိရသည်။ လှိုင် (စစ်တွေ)

Weekly Eleven

No 6, Vol 5 Nov-18, 2009

ရခိုင်ပြည်နယ်ရှိ လယ်မြေနှင့် လက်ယက်ရေနံတွင်းများ သိမ်းယူခံနေရ
Tuesday, 17 November 2009  ဘစောတင်

ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်အတွင်းရှိ ကျေးရွာများမှ လက်ယက် ရေနံတွင်းများနှင့် လယ်မြေများကို ဒေသအာဏာပိုင်များက မကြာသေးခင်က သိမ်းယူလိုက်ကြောင်း သတင်း ရရှိသည်။

ကျောက်ဖြူမြို့ နယ် ရေနံတောင်အုပ်စုမှ ကျေးရွာများနှင့် မင်းပြင်အုပ်စုမှ ကျေးရွာများရှိ လက်ယက် ရေနံ တွင်းပေါင်း(၅၀)နှင့် လယ်မြေများကို နေပြည်တော်မှအမိန့်ဖြင့် မင်းပြင်ရဲစခန်းမှ စခန်းမှူးလှထွန်း ဦးဆောင် ကာ နိုဝင်ဘာလ (၁၄)ရက်နေ့ က သိမ်းယူသွားကြောင်း ကျောက်ဖြူမြို့ မှ ကိုမောင်ဖြူ က ဧရာဝတီသို့ပြော သည်။

“ကျနော်တို့ရွာတွေမှာ မိဘဘိုးဘွား အဆက်ဆက်ကတည်းက ဒီလိုပဲ ရေနံတူးပြီး အသက်မွေးလာခဲ့ကြတာ၊ အခုလို လက်နက်အားကိုးနဲ့ မတရားသိမ်းလိုက်တော့ ဘာနဲ့ လုပ်စားကြမလဲ၊ ကျနော်တို့ တောသူ တောင် သားတွေ လုပ်စားနေတာကို သူတို့ ကသိမ်းပြီး တရုတ်တွေ ကုလားတွေ စီးပွားဖြစ်ဖို့ သူတို့ ရောင်းစား ကြမှာ၊ ကျနော်တို့ ကတော့ ဘာမှအကျိုးခံစားခွင့်မရှိဘဲ မိဘဘိုးဘွားပိုင်မြေကိုဆုံးရှုံးလိုက်ရတာ”ဟု ၎င်းကဆိုသည်၊

သိမ်းပိုက်ခံရသော ရေနံတွင်းနှင့် လယ်ပိုင်ရှင်များမှာ  ရေနံတောင်အုပ်စု ချောင်းဖျားရွာမှ ဦးခင်မောင်၏ လယ် တဧကနှင့် ရေနံလက်ယက်တွင်း (၃) တွင်း။ ချောင်းဝရွာမှ ဦးအဖြူ၏ လက်ယက်တွင်း ၃တွင်းနှင့် လယ်တဧက။ ကလဘာရွာမှ ဦးတင်မောင်၏ လက်ယက်တွင်း ၄တွင်းနှင့် လယ်တဧက ရေနံတောင်ရွာမှ ဦးဖဒူကြီး၏ လက်ယက်တွင်း ၆တွင်းနှင့် လယ်(၃)ဧက မင်းပြင်အုပ်စု မင်းပြင်ရွာမှ ဦးလှထွန်း၏ လက်ယက် တွင်း ၄တွင်းနှင့် လယ်မြေ ၂ဧက၊ ကျောက်ပြောက်ရွာမှ ဦးလှထွန်းတင်၏ လက်ယက်တွင်း ၆တွင်း လယ်မြေ ၃ဧက။ ၀မျှောင်ရွာမှ ဦးမောင်နီအောင်၏ လက်ယက်တွင်း ၈တွင်းနှင့် လယ်မြေ တဧက၊ ကျောက်ကလေရွာမှ ဦးမောင်စောတင်၏ လက်ယက်တွင်း (၇) တွင်းနှင့် လယ်မြေ (၃) ဧကတို့ ကို သိမ်းပိုက်သွားခဲ့သည်ဟု သိရ သည်။ ယခု သိမ်းပိုက်ခံရသော ရေနံတွင်းနှင့် လယ်မြေများအတွက် လျော်ကြေးပေးမည် မပေးမည်ကို ပြော ဆိုခြင်း မရှိဟုလည်း ကိုမောင်ဖြူက ဆိုသည်။

ယင်းသိမ်းပိုက်ထားသော မြေများပေါ်တွင် တရုတ်နိုင်ငံမှ China National Offshore Oil Corporation (CNOOC) ရေနံကုမ္ပဏီက ရေနံတူးဖော်မည်ဟု သိရသည်။

ယင်းကဲ့သို့ လယ်မြေများကိုသိမ်းပိုက်ခြင်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်နှင့် စီးပွါရေး ဖွံ့ ဖြိုး တိုးတက် မှု ကွန်ယက် ( Network for Environment and Economy Development –NEED) မှ ဒါရိုက်တာဖြစ်သူ ခိုင်ဓူဝံက“အခုလို ဒေသခံပြည်သူတွေရဲ့ ဘိုးဘွားပိုင် သဘာဝ သယံဇာတ တွေကို မတရားသိမ်းပိုက်လိုက် တာဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဖျက်ဆီးပြီး ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုကိုလည်း မတည် ငြိမ်အောင် စစ်အာဏာရှင်တွေက တမင်သက်သက် ဖန်တီးနေတာဖြစ်တယ်။ အသိမ်းခံတောင်သူလယ် သမားနဲ့ အပြစ်မဲ့ ပြည်သူတွေဟာ နောက်ဆုံးမှာတော့ စားဝတ်နေရေးခက်ခဲလို့ အိမ်နီးချင်း နိုင်ငံတွေဆီကို ထွက်ခွာပြီး လုပ်စားနေကြတာတွေဟာ ဒီလို အာဏာပိုင်တွေရဲ့ မတရားလုပ်ခြင်းက အဓိက ကျတယ်”ဟု ပြောသည်။

ယခင်ကလယ်မြေ နှင့် ရေနံတွင်း အသိမ်းပိုက်ခံခဲ့ရဖူးသူ ကိုထွန်းသာအောင်ကလည်း အဆိုပါ ယင်းသို့ သိမ်း ပိုက်လိုက်သောမြေများအတွက် လျှော်ကြေးပေးခြင်းလည်းမရှိဟု ပြောသည်။

“သူတို့ က ကျနော်တို့ ကို လျော်ကြေးပေးပါမယ်ဆိုပြီး လက်မှတ်တွေ ဘာတွေထိုးပေးတယ်၊ ဒါပေမယ့် တ ကယ်တမ်းကျတော့ ကျနော်တို့ ကို ဘာမှမပေးခဲ့ဘူး၊ ကျနော်တို့ မြေတွေကို ဆုံးရှုံးလိုက် ရတယ်၊ ဒါကြောင့် အခု ကျနော်တို့ မှာ လုပ်စားစရာမရှိတော့ဘူး”ဟု ၎င်းက ဆိုသည်။

ကိုထွန်းသာအောင်သည် ယခုအခါ ထိုင်းနိုင်ငံ မဲဆောက်မြို့ ရှိ စက်ရုံတခုတွင် လာရောက်အလုပ်လုပ် ကိုင်နေသည်။

ရခို်င်ပြည်နယ်အတွင်းရှိ မြေယာသိမ်းပိုက်ခြင်း သဘာဝသယံဇာတများကို တူးဖော်ခြင်း၊ စစ်တပ်များတိုး ချဲ့ချထားခြင်းများအတွက် စောင့်ကြည့်လေ့လာလျှက်ရှိသော ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့  ခေါင်း ဆောင်တဦးဖြစ်သူ ဦးဝင်းအောင်က တရုတ် CNOOC ကုမ္ပဏီအတွက် လယ်မြေသိမ်းမှုများသည် ၂၀၀၇ ခုနှစ်ကတည်းကပင်ရှိခဲ့ကြောင်း ပြောဆိုသည်။

“စစ်အစိုးရနဲ့ ပေါင်းပြီး တရုတ် CNOOC ကုမ္မဏီအတွက် ရေနံတောင် မင်းပြင်ဘက်က မြေ တွေ လက်ယက် တွင်းတွေကို သိမ်းလာတာဆိုရင် ၂၀၀၇ ခုနှစ် မေလကတည်းက စလာတာ ဖြစ် တယ်။ အရင်က ရွာခံတွေနဲ့  ဒီကုမ္ပဏီတွေနဲ့ ပြဿနာတွေ ခဏ ခဏတက်တယ်၊ လျော်ကြေးပေး မယ်ပြောပြီး မပေး တာတွေ ရှိသလို၊ ပေးတာတွေကျတော့လည်း မစို့ မပို့ လေးတွေ ပေးတယ်လို့  သိရတယ်၊ ကျနော်တို့ နဲ့ သိတဲ့ အစ်မကြီး တယောက်ဆိုရင် သိန်းလေးငါးဆယ် တန်တဲ့ မြေကို နှစ်သိန်းခွဲလောက်ပဲ ရတယ်၊ ဒီနယ်က လူတွေ တဧက နှစ်ဧက ကနေ ခုနစ်ဧက ရှစ်ဧကထိ အသိမ်းခံခဲ့ကြရပါတယ်”ဟု ဦးဝင်းအောင်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် စစ်အခြေစိုက်စခန်းများတိုးချဲ့ တည်ဆောက်ခြင်း။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအား မြေငှားရမ်းခြင်း နှင့် တရုတ်ပြည်သို့ ဓာတ်ငွေ့ ပိုက်လိုင်းဖောက်လုပ်ခြင်းများအတွက် လယ်ယာမြေများကို အတင်းအကျပ် သိမ်းပိုက်မှုများကို ယခင်ကတည်းကပြုလုပ်နေမှုများရှိကြောင်း သိရသည်။

စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းအတွက် အနာဂတ်စွမ်းအင်နဲ့ မြန်မာ စစ်အစိုးရတို့ စာချုပ် ချုပ်ဆို
11/16/2009

နအဖ စစ်အစိုးရ၏ အမှတ် ၁ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ရေအား လျှပ်စစ် ဦးစီးမှူးဌာနနှင့် အနာဂတ် စွမ်းအင် ကုမ္ပဏီ လီမီတက်တို့သည် စိုင်းတင်ရေအားလျှပ်စစ် စီမံကိန်းကို အကောင်အထည် ဖေါ်ဆောင်ရွက်ရန်အတွက် နားလည်မှု စာချွန်လွှာကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနရုံးတွငင် နိုဝင်္ဘာလ ၅ရက်နေ့ ညနေက ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

စိုင်းတင်ရေတံခွန်မှာ ရခိုင်ပြည်နယ် တွင်အကြီးမားဆုံး ရေတံခွန် တခု ဖြစ်ပြီး ဘူးသီးတောင်မြို့နယ်တွင် တည်ရှိသည်။ လျှပ်စစ်ဓါတ်အား မီကာဝပ် ၇၀ ထိ ထုတ်လုပ်နိုင်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်း တွက်ချက်ထားသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းက အုပ်ချုပ်သူ အစိုးရများက စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းကို အကောင်အထည်ဖေါ် တည်ဆောက်ရန် စီစဉ်လာခဲ့သည်။ ယခု တကြိမ်နှင့်ပါ ဆိုလျှင် (၃)ကြိမ် တိတိ ရှိခဲ့ပြီ် ဖြစ်သည်။

၁၉၈၈ခုနှစ် နဝတ စစ်အစိုးရ အာဏာရရှိလာသော အခါတွင်လည်း ရခိုင်တပြည်နယ်လုံး လျှပ်စစ်မီး လင်းရစေရမည် ဆိုသော ကြွေးကြော်သံနှင့် စိုင်းတင် ရေအားစီမံကိန်းကို အကောင်အထည် ဖေါ်မည်ဟု ကျေညာခဲ့သည်။

သို့သော်လည်း အကြောင်းပြချက် တစုံတရာ မရှိဘဲ နောက်ပိုင်းတွင် ရပ်တန့် ပစ်ခဲ့သည်။

၁၉၈၈ ခုနှစ် နအဖ စစ်အစိုးရ အာဏာ ရယူပြီးနောက်ပိုင်း နှစ်ပေါင်း ၂၂ အရောက်တွင် ဆက်လက် အကောင်အထည်ဖေါ်ရန် စစ်အစိုးရမှ ပြန် စီစဉ်လာသည်။ ထိုကဲ့သို့ စီစဉ်လာမူအေပါ် ဘူးသီးတောင်မြို့မှ နိုင်ငံရေး လူပ်ရှားနေသူ လူကြီးတဦးက ယခုကဲ့သို့ ပြောသည်။

“ အခု စိုင်းတင် ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည် ဖေါ်မယ်ဆိုတာက ၂၀၁၀ရွေးကောက်ပွဲအတွက် ရခိုင်လူထုကို စည်းရုံးတာဘဲ ဖြစ်မယ်။ သူတို့( နအဖစစ်အစိုးရ) အမှန်တကယ် အားဖြင့်လည်း လုပ်ပေးမယ်မထင်ဘူး။ ရခိုင်ပြည်နယ်ကို တိုးတက်စေချင်တဲ့ ဆန္ဒ သူ့တို့မှာ ရှိရင် အရင်ကတည်းက လုပ်ပေးထားပြီးပြီလေ။”

ယခု တကြိမ်တွင်လည်း နအဖ စစ်အစိုးရက စိုင်းတင်ရေအား လျှပ်စစ် ဓါတ်အား စီမံကိန်းကို တည်ဆောက် ပေးမည်ဟု လူသိရှင်ကြား ကျေညာထားသော်လည်း နအဖ စစ်အစိုးရမှ လုပ်မှ လုပ်ပေးပ့ါ မလားဆိုပြီး ရခိုင်ပြည်သူများက သံသယ ရှိနေကြသည်အတွက် သူက ပြောဆိုသွားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးစ ဖဆပလခေတ်တွင် ဝန်ကြီးချုပ် ဦးနုက ပထမဆုံး စိုင်းတင် စီမံကိန်းကို စတင် အကောင်းအထည်ဖေါ်ခဲ့သည်။

သို့သော်လည်း ဗမာပြည်ကွန်မြူနစ် တပ်ဖွဲ့ဝင်တစုက စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းကို လာရောက်တည် ဆောက်နေသော အမေရိကန်နိုင်ငံသား အင်ဂျင်နီယာ တဦးကို သတ်ဖြတ် ပစ်ခဲ့သောကြောင့် ၎င်းစီမံကိန်းကို ဦးနုအစိုးရက လုံခြုံရေးကို အကြောင်းပြုပြီး နောက်ပိုင်းတွင် ရပ်တန့် ခဲ့သည်။

ယခုကဲ့သို့ နိုင်ငံခြားသား အင်ဂျင်နီယာ တဦးကို သတ်ပစ်ခြင်းမှာ စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းကို ရပ်တန့်ပစ်လို၍ ဖြစ်သည်ဟု ရခိုင်လူထုက ယုံကြည်ကြသည်။ အဆိုပါ သတ်ဖြတ်မူကို အစိုးရနှင့် ဗမာပြည်ကွန်မြူနစ်ပါတီက ပူပေါင်း လုပ်ကြံခဲ့သည်ဟု အဆိုပါ အချိန်က သတင်းများ ထွက်ပေါ်ခဲ့သည်။ စိုင်းတင် ရေအားလျှပ်စစ်ကို ထုတ်လုပ်နိုင်ပါက ရခိုင်ပြည်နယ်မှာ ပြည်မထက် ဖွံ့ဖြိုးတိုးတက်သွားနိုင်သဖြင့် ရခိုင်ပြည်နယ်တိုးတက်မူ အပေါ် မလိုလားသော ဗမာနိုင်ငံရေး သမားများက ကြံဆောင်ခဲ့သည်ဟု ရှေ့မှီ နောက်မှီ ရခိုင် နိုင်ငံရေး သမား တဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်သော မြစ်ချောင်းအင်းအိုင် ရေတံခွန်များနှင့် သဘာဝ ဓာတ်ငွေ့များ အလျှံအပယ် ထွက်သော ပြည်နယ် တခုဖြစ်ပေမယ့်လည်း နအဖ စစ်အစိုးရက ဂရုမစိုက် ပစ်ပယ်ထားသောကြောင့် မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအား အနည်းဆုံး သုံးစွဲရသော ပြည်နယ် တခု ဖြစ်သည်။

ရခိုင်ပြည်နယ် မြို့တော် စစ်တွေ အပါအဝင် မြို့များ အားလုံးမှာ တနေ့ကို လျှပ်စစ်မီး (၂)နာရီ သာ ရှိပြီး တောလက်ကျေးရွာများမှာ လွတ်လပ်ရေး ရပြီး နှစ်ပေါင်း (၆၀) ကျော်သွားပြီ ဖြစ်သော်လည်း ယခုအချိန်ထိ အစိုးရထံမှ လျှပ်စစ်မီး ရရှိခံစားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။