Arakan Review

Learn from the masses, and then teach them.
Subscribe

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုး မရှိကြောင်း နစကမှ ပြောဆို

October 23, 2009 By: moe moe kyaw Category: သတင်း

မောင်အေး ( နိရဉ္စရာ)။        ။ အောက်တိုဘာလ ၂၁ ရက်နေ့က မောင်တောတွင် ပြုလုပ်သည့် ဘင်္ဂလား ရိုယ်ဖယ် တပ်ဖွဲ့နှင့် မြန်မာ နစကတို့ ဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးမရှိကြောင်း နစက အာဏာပိုင်များက ပြောကြားခဲ့သည်ဟု အောက်တိုဘာလ ၂၂ ရက်နေ့ထုတ် ဘင်္ဂလီ သတင်းစာများ ဖြစ်သော Amardesh နှင့် Dainik Cox’sbazar တွင် ဖေါ်ပြသည်။

မောင်တောမြို့တွင် ၂ နာရီ ကြာ ပြုလုပ်သည့် နှစ်နိုင်ငံ တပ်မှုအဆင့် အစည်းအဝေးတွင် ဘင်္ဂလာဘက်မှ ရိုဟင်ဂျာ အရေးကိစ္စကို တင်ပြရာ မြန်မာ နစက တာဝန်ရှိသူများက ထိုကဲ့သို့ တုန်ပြန်ပြောကြားခဲ့သည်ဟု သတင်းစာက ပြောသည်။မြန်မာနစကမှ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိကြောင်းနှင့် သူတို့ကို မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံတွင် နေထိုင်သည့် မူဆလင်များ အဖြစ်သာ ပြောကြားရန် နစကမှ ပြောကြားခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိဆိုသည်ကို လွန်ခဲ့သည့်လအနည်းငယ်က လည်း မြန်မာနအဖ ၀န်ကြီးချုပ် သိန်းစိန်က ထိုင်းနိုင်ငံတွင် ကျင်းပသည့် အာဆီယံ အစည်း အဝေးတခုတွင် ပြောကြားခဲ့သည်။၎င်းပြင် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံ နယ်စပ် ဆူပူမှုဖြစ်အောင် ဘင်္ဂလား မီဒီယာများမှ မ ဟုတ်မမှန်သည့် သတင်းများ ကို ရေးသားဖော်ပြနေသည်ဟု မြန်မာနစကမှ စွပ်စွဲကြောင်း သတင်းစာက ရေးသားဖော်ပြသည်။ မြန်မာဘက်မှ နယ်စပ်တလျောက်တွင် စစ်အင်အားတိုးချဲ့ချထားသည်မှာလည်း မဟုတ်မှန်ကြောင်းနှင့် ကုလသမဂ္ဂမှ ချမှတ်ထားသည့် စည်းကမ်းအတိုင်း ခြံစည်းရိုး ကာရံနေခြင်းသာ ဖြစ်ကြောင်းပြောဆိုပြီး အဆိုပါ ခြံစည်းရိုးမှာ နယ်စပ်တွင် တရားမ၀င် လူများ ၀င်ထွက်သွားလာနေမှုနှင့် မှောင်ခို လုပ်ငန်းများကို တားဆီးရန် အတွက်သာ ဖြစ်ကြောင်း နစကမှ ပြောသည်ဟု ဆိုသည်။

ဘင်္ဂလားမြန်မာနယ်စပ်တွင် ပုံမှန်ငြိမ်သက်လျက်ရှိသော်လည်း ဘင်္ဂလာမှမီဒီယာ များက မြန်မာနှင့်ပတ်သတ်ပြီး မဟုတ်မမှန်သည့်သတင်းများ ချဲ့ကားရေးသားဖော်ပြနေ သည်ဟု နစကမှ စွပ်စွဲ ပြောကြားခဲ့သည်။
ဆွေးနွေးပွဲအပြီးတွင် နစကမှ ဖမ်းဆီးထားသည့် ဘင်္ဂလီ အမျိုးသား ၉ ဦးကို ဘီဒီအာရ်လက် သို့လွဲပြောင်း ပေးအပ်ခဲ့သည်။ ၎င်းအပြင် မြန်မာဘက်တွင် ထောင်ကျနေသည့် ဘင်္ဂလီအမျိုးသား ၅၃ ဦး အမည်စာရင်း ကို ဘီဒီအာရ်သို့လွဲပြောင်းပေးအပ်လိုက်ပြီး ဘီဒီအာရ်မှလည်း ဘင်္ဂလာတွင် အကျဉ်းကျခံနေ ရသည့် မြန်မာနိုင်ငံသား ၈၉ ဦးစာရင်းကို နစက ကိုယ်စားလှယ် အဖွဲ့သို့ လွဲပြောင်း ပေးအပ်ခဲ့သည်။

ဆွေးနွေးပွဲသို့ ဘင်္ဂလာဘက်မှ အမှတ် ၄၂ ဘီဒီအာရ်တပ်ရင်းမှ ဗိုလ်မှူးကြီး မူဇာမေလ် ဟူဆိန်းမှ ဦးဆောင် တက်ရောက်ပြီး မြန်မာဘက်မှ နစက နယ်မြေ ၆ နယ်မြေမှူး ဗိုလ်မှူး နေမင်းဦးမှ ဦးဆောင်   တက်ရောက် ခဲ့သည်။ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံယုံကြည် ချစ်ခင်မှုကို ရေရှည် ထိမ်းထားရန် အတွက် နှစ်နိုင်ငံ အကြား ဂေါက်ရိုက်ခြင်း၊ ဘော်လီဘော ကစားခြင်း စသည့် အားကစား ပြိုင်ပွဲများကို မကြာခဏ ပြုလုပ်သွားရန် မြန်မာ နစကမှ အဆိုပြုခဲ့ကြောင်း သိရသည်။

1 Comments to “မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုး မရှိကြောင်း နစကမှ ပြောဆို”


  1. မရှိစွာကိုရှိရေလို တယောက်လဲလက်မခံ ကျနော်လဲလက်မခံ တခုကလဲလက်မခံ တယောက်ကလဲလက်ခံလိမေမဟုပ်

    1


Leave a Reply