Arakan Review

Learn from the masses, and then teach them.
Subscribe

တရုတ် စွမ်းအင် ကိုယ်စားလှယ် ရောက်ရှိ

October 30, 2009 By: moe moe kyaw Category: သတင်း

ရန်ကုန် (မဇ္ဈိမ)။      ။ မကြာသေးခင်က ဆန္ဒပြကြသည့် အငြင်းပွားဖွယ်ရာ မြန်မာနိုင်ငံ ကမ်းရိုးတန်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအကြောင်း ဆွေးနွေးရန် တရုတ် ကိုယ်စားလှယ်အဖွဲ့တခု ရန်ကုန်မြို့သို့ ယမန်နေ့က ရောက်ရှိလာခဲ့သည်။

တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) မှ ကိုယ်စားလှယ်များသည် မြို့တော်ဟောင်းသို့ ရောက်လာပြီး၊ မြန်မာအာဏာပိုင်များနှင့် တွေ့ဆုံကာ စက်တင်ဘာလလယ်တွင် စတင်ခဲ့သည့် စီမံကိန်းအပေါ် ဆွေးနွေးမည်ဟု သတင်းရပ်ကွက်များက ပြောသည်။ရွှေဂတ်စ် လှုပ်ရှားမှုအဖွဲ့ အဆိုအရ ၉၈၀ ကီလိုမီတာ ရှည်လျားသည်ဆိုသော ပိုက်လိုင်းသည် CNPC ၏ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ရရှိခဲ့သော နှစ်ပေါင်း ၃၀ ကြာ သဘာဝဓာတ်ငွေ့ ဝယ်ယူရောင်းဝယ်ခွင့် သဘောတူညီမှု၏ တစိတ်တဒေသ ဖြစ်သည်။

စီမံကိန်းတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ တောင်ကိုရီးယား၏ ဒေဝူးအင်တာနေရှင်နယ်၊ အိန္ဒိယ၏ ONGC Videsh Ltd. နှင့် Gail တို့ ပါဝင်ပတ်သက်နေသည်။အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို တင်သွင်းမည့် ပိုက်လိုင်းသည် သယ်ယူပို့ဆောင်ရေး ခရီးအကွာအဝေးကို လျော့ကျသွားစေပြီး၊ မဟာဗျူဟာအရ အရေးပါသည်။ လက်ရှိအချိန်တွင် ရေနံတင်သင်္ဘောများက မာလကာရေလက်ကြားကို ဖြတ်ပြီး တရုတ်နိုင်ငံသို့ သယ်နေရသည်။

ပိုက်လိုင်းစီမံကိန်းတွင် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းကာ တရုတ်နိုင်ငံ ယူနန်ထဲသို့ ဝင်ရောက်မည် ဖြစ်သည်။ ပိုက်လိုင်းဖြတ်သန်းရာ လမ်းတလျှောက် အဓမ္မ ရွှေ့ပြောင်းစေမှုများ ဖြစ်ပေါ်လိမ့်မည်ဆိုကာ အိန္ဒိယ၊ ထိုင်း၊ ယူကေနှင့် တောင်ကိုရီးယား အပါအဝင် နိုင်ငံအချို့တွင် ဆန္ဒပြကြသည်။ကန့်ကွက်သူများ အဆိုအရ စီမံကိန်းသည် စစ်အစိုးရအတွက် ဆယ်စုနှစ် ၃ စုနှစ်ကျော်အတွင်း အမေရိကန်ဒေါ်လာ ၂၉  ဘီလီယံ ရရှိစေလိမ့်မည်ဟု ဆိုသည်။

Leave a Reply