Arakan Review

Learn from the masses, and then teach them.
Subscribe

ဝတ်စားဆင်ယင်မှုများပြောင်းလဲလာသော်လည်း ရခိုင်လုံချည်များ ဈေးကွက်ဝင်ဆဲ

October 31, 2009 By: moe moe kyaw Category: သတင်း

ဝတ်စားဆင်ယင်မှု ဓလေ့များ ပြောင်းလဲလာသော်လည်း ရိုးရာအ၀တ်စားများဖြစ်သော ရခိုင် ပုဆိုး၊ ရခိုင်လုံချည်များကို ပွဲနေပွဲထိုင်များအတွက် အမြတ်တနိုး ၀ယ်ယူဝတ်ဆင်လေ့ ရှိနေ သေးကြောင်း လေ့လာသိရှိရပါသည်။

ရခိုင်လုံချည်မှာ  စစ်တွေဒေသထွက်နှင့် သံတွဲဒေသထွက်ဟူ၍ ရှိပြီး ဈေးကွက်တွင် သံတွဲရက် ရခိုင်ထည်များက နာမည်ကောင်းရနေကာ စစ်တွေအထည်များထက် ဈေးပိုပေးရကြောင်း သိရသည်။ ရခိုင်ဒေသတွင် ရွာတိုင်း၊ အိမ်တိုင်းတွင် ရက်ကန်းစင်များရှိခဲ့ပြီး ယခုအခါ စစ်တွေ ဒေသ၀န်းကျင်၊ သံတွဲဒေသ၀န်းကျင်မှအပ ကျန်ဒေသများတွင် ပျောက်ကွယ်သွားသည့် လက်မှု ပညာတစ်ရပ်ဖြစ်နေကြောင်းနှင့် စစ်တွေမြို့တွင် ရက်ကန်းကျောင်းဖွင့်လှစ်ကာ မျိုးဆက်သစ် များကို သင်ပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်လုံချည်များကို ယခင်က ယူရိုမာဆရိုက်ချည်များဖြင့် ရက်လုပ်ခဲ့ကြသော်လည်း ယခုအခါ တရုတ်စီလွန်ချည်များကို အသုံးပြုလာကြပြီး ယခင်ကချည်ဖြူများကို လိုသည့် ဆေးရောင် ဆိုးခဲ့ရသော်လည်း ယခုအခါ အဆင်သင့်ဆေးဆိုးပြီးချည်များ ဈေးကွက်တွင် ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ရခိုင်ချိတ်ထဘီများမှာ အဆင်ကိုလိုက်ပြီး ဈေးအမျိုးမျိုးရှိရာ ရက်လုပ်ရာတွင် နှပ်ကောက်သူတစ်ဦးနှင့် ရက်လုပ်သူတစ်ဦးဖြင့် စိတ်ရှည်ရှည်ရက်လုပ် ရသည် ဟု သိရသည်။

ရခိုင်ချိတ်ထဘီများအပြင် ရိုးရိုးချည်ထည်ရက်ကန်းများကို စစ်တွေမြို့နယ်တွင် ရက်လုပ်နေပြီး ခေတ်ပေါ်ဒီဇိုင်းများ ချူပ်လုပ်ဝတ်ဆင်လာကြကြောင်းနှင့် စစ်တွေမြို့နယ်ဝါဘိုဒေသထွက် ရခိုင်စပါယ်ရှယ်ပုဆိုးမှာလည်း တောင်ပေါ်ဒေသအထိ တင်ပို့ရကြောင်း သိရသည်။
ခေတ်ရေစီးကြောင်းနှင့် အညီ ၀တ်စားဆင်ယင်မှုဓလေ့များပြောင်းလဲလာသော်လည်း ရိုးရာ အ၀တ်စားများကို ပိုမိုတန်ဖိုးထား ၀တ်ဆင်ပြီး ရိုးရာလက်မှုပညာရပ်တစ်ရပ် ပျောက်ကွယ် မသွားရေးမှာ အရေးပါကြောင်း စစ်တွေမြို့နယ် ၀ါဘိုကျေးရွာမှ အသက် ၆၀ အရွယ်ရှိ ရက်ကန်း သည်မကြီးတစ်ဦးက ပြောပြခဲ့ပါသည်။

WeeklyEleven.သားရွှေဦး(ကစ္ဆပ)

Leave a Reply