Arakan Review

Learn from the masses, and then teach them.
Subscribe

မြန်မာ နယ်စပ် အနီးတွင် ဆင်ဖြူတကောင်ကို တွေ့ရှိ

November 01, 2009 By: moe moe kyaw Category: သတင်း

မြန်မာနိုင်ငံ နယ်စပ်အနီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်းနယ် တောင်ဘက်ပိုင်း တွင် ဆင်ဖြူတကောင်ကို တခြားဆင်များနှင့်အတူ သွားလာနေသည်ကို တွေ့ရှိရသည်ဟု ဆင်ဖြူကို ကိုယ်တိုင် မြင်တွေ့ခဲ့သူ ဒေသခံ သက်အမျိုးသားတဦးက ပြောသည်။

“ကျွန်တော်က လယ်တဲမှာ စပါးပင်တွေကို စောင့်ရင်း အိပ်နေတာ ဖြစ်ပါတယ်။ အဲဒီနေ့ နံနက် ၂နာရီ အချိန်ခန့်မှာ အသံတွေကြားတဲ့အတွက် အိပ်ရာက နိုးလာပါတယ်။ တဲအောက်မှာ ဖြူဖြူ အတုံးကြီး တခု သွားလာနေတာကို မြင်လို့ သွားကြည့်တော့ ဆင်ဖြူတကောင်နဲ့ရိုးရိုး ဆင်တစ် ကောင်ကို တွေ့ရပါတယ်။ ကျွန်တော်လည်း အလွန်အံ့သြသွားပါတယ်။ သေချာအောင် အနီးကပ် သွားကြည့်တော့ ဆင်ဖြူ အစစ်တကောင်ဖြစ်တယ်ဆိုတာကို သိရှိလိုက်ရပါတယ်” ဟု သူက ပြောသည်။

အဆိုပါ ဆင်ဖြူကို သက်အမျိုးသားမှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဘင်ဒရိုဘင်ခရိုင် နတ်ကျောက်ဆရီ မြို့နယ် ဒလာရွာတွင် လွန်ခဲ့သောအပတ်က တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဒလာရွာမှာ  သက်လူမျိုးများ အများစုနေထိုင်သော ကျေးရွာဖြစ်ပြီး ရခိုင်ပြည်နှင့် နီးကပ်စွာ တည်ရှိသည်။

၎င်းပြင် သူက“ ကျွန်တော်လည်း ဆင်ဖြူကိုတွေ့တော့ ဘာလုပ်ရမှန်း မသိဖြစ်သွားတာနဲ့  နောက်တော့  သတိရပြီး ဘုရားတရားတပြီး သူတို့ကို မေတ္တာပို့တယ်။ မင်းတို့လမ်း မင်းတို့ သွားပါ။ ငါဘာသာငါ အေးအေးဆေးဆေးနေထိုင်နေတာပါ။ အနှောင့်အယှက် မလုပ်ပါနဲ့လို့ ပြောပြီးတာနဲ့ ဆင်နှစ်ကောင်စလုံး လယ်ထဲတောထဲက တဖြည်းဖြည်း ထွက်သွားကြပါတယ်။” ဟုပြောသည်။

ယခု သူ့အနေနှင့် ဆင်ဖြူ တကောင်ကို ဤဒေသအတွင်း တွေ့ဖူးခြင်းမှာ ပထမဆုံးအကြိမ်      ဖြစ်ပြီး အဆိုပါ ဆင်ဖြူမှာ မြန်မာနိုင်ငံဘက်မှ ၀င်ရောက်လာပုံရသည်ဟု သူက ပြောသည်။
ယခုနှစ်အတွက် မြန်မာ နယ်စပ်အနီးရှိ ဘင်္ဂလာဒေ့ခ်ျဘက်ခြမ်းတွင် တောဆင်ရိုင်းများ အထူး သောင်းကျန်းမှုများရှိနေပြီး စပါးခင်းများကို ၀င်ရောက် စားသောက် နေကြသဖြင့် လယ်သမားများအနေဖြင့် ထိခိုက်နစ်နာနေမူများ ရှိနေသည်ဟု သိရသည်။

မင်းဆက်ခိုင်.Narinjara News

Leave a Reply