မဲဆောက်ရောက် ရခိုင်လူမျိုးများ၏ စုပေါင်းကထိန်
ထိုင်း-မြန်မာနယ်စပ်တွင် ရောက်ရှိနေကြသော ရခိုင်ကျောင်းသားလူငယ်များနှင့် မြန်မာအလုပ်သမားတို့ စုပေါင်း၍ နိုဝင်ဘာလ- ၁ရက်နေ့က စုပေါင်းကထိန်သင်္ကန်းကပ်လှုပွဲကို AASYC ရုံး၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရှိရပါသည်။
“ကထိန်ပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပတ်သက်၍ AASYC မှ အတွင်းရေးမှုး ကိုအောင်မင်းဦးက ခုလိုပြောပြခဲ့ပါတယ်။ “ ကျနော်တို့ ဒီမှာရှိနေ တဲ့ ရခိုင်ကျောင်းသားတွေ၊ လူငယ်တွေ၊ အလုပ်သမားတွေကို ခုလိုမျိုး ဗုဒ္ဓဘာသာဝင်တို့ရဲ့ အလေးအမြတ်ထားရာ နေ့ကြီးရက်မြတ်ဖြစ်တဲ့နေ့မှာ ကျနော်တို့ အပါအ၀င် မဲဆောက်မှာ ရှိနေတဲ့ ရခိုင်လူမျိုးတွေအားလုံး တစ်နေရာတည်းမှာ စုစည်းပြီး ကောင်းမှုကုသိုလ်ကို အားလုံးညီတူညီမျှ ယူချင်တာပါ။
ရခိုင်ပြည်ကနေလာပြီး ဒီမှာအလုပ်လုပ်နေကြတယ်။ ကျောင်းတက်နေကြတယ်။ သူတို့ တစ်ယောက်နဲ့တစ်ယောက် မသိကြဘူး။မရင်းနှီးကြဘူး။ မဲဆောက်ဆိုတာ ကျဉ်းကျဉ်းလေးပါ ၊ အဲဒီကျဉ်းကျဉ်းလေးထဲမှာနေပြီးတော့ ရခိုင်လူမျိုးအချင်းချင်း တွေ့ဆုံခွင့် စကားပြောခွင့် ဆွေးနွေးခွင့် သူတို့မှာမရှိဘူး။ ဒါတွေဟာ တကယ်တော့ မဖြစ်သင့်တဲ့အရာတွေပါ” ဟု ပြောပြခဲ့ပါသည်။
ကထိန်ပွဲသို့ တက်ရောက်လာသော ရခိုင်လူငယ် တစ်ဦးက “အရင်က ကျနော်တို့အနေနဲ့ လှူဒါန်းချင်တယ်ဆိုရင်တောင် အခက်ခဲတွေရှိခဲ့ပါတယ်။ အခုတော့ ခုလိုမျိုး ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ တန်ဆောင်မုန်းလပြည့်နေ့မှာ ကထိန်ဆိုတဲ့အလှူကို တစ်ယောက်တည်း တစ်မိသားစု တည်း မဟုတ်ပေမယ့် ရခိုင်လူမျိုးတွေ စုပေါင်းပြုလုပ်ကျင်းပနိုင်တယ်ဆိုတာ ဂုဏ်ယူစရာတစ်ခုလို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်မြေ ကိုယ်ဒေသမှာတောင် ကထိန်ပွဲကျင်းပဖို့ဆိုတာ အခက်အခဲတွေများစွာနဲ့ မလွယ်လှပါဘူး။ ကထိန်ပွဲတစ်ပွဲ ဖြစ်မြောက်ရေးအတွက် အရမ်းအခက်ခဲ ရှိပါတယ်။ အဲဒီလိုမျိုး ကိုယ့်မြေကိုယ်ဒေသမှာ ခက်ခဲ့တဲ့ကုသိုလ် တစ်ခုကို ကျနော်တို့ ဒီနေ့ ဒီအချိန်မှာ ရရှိလိုက်သလိုခံစားရတယ်” ဟု ပြောပြ ခဲ့ပါသည်။
ကထိန်ပွဲကို ရောက်လာတဲ့ အလုပ်သမားများထဲမှ တစ်ယောက်က သူ့ရင်ထဲကစကားများကို ပြောပြခဲ့ရာတွင် “ကျနော်တို့မှာက စက်ရုံမှာ မနက် ငါးနာရီကနေ ညနေ ရှစ်နာရီလောက်ထိ အလုပ်လုပ်နေရတော့ ဘယ်ကိုမှသွားလို့လည်းမရဘူး။အဲဒီလို့သွားလို့မရတော့ အသိကျွမ်းမိတ်ဆွေတွေ လည်းမရှိဘူး။ စက်ရုံမှာလည်း တစ်ယောက်နဲ့တစ်ယောက် သိပ်စကား ပြောကြတာမဟုတ်ဘူး။ အားလုံး ကိုယ့်အလုပ်နဲ့ကိုယ်ဘဲ။ ခုလိုမျိုး AASYC ကဦးဆောင်ပြီးပြုလုပ်ပေးတဲ့ ကထိန်ပွဲမှာ ရခိုင်တွေအများကြီးနဲ့တွေ့ရတော့ အရမ်းကိုကျေနပ်ပိတီဖြစ်မိတယ်။ ပျော်လည်းပျော်တယ်။ ပြီးတော့ ရခိုင်မျိုးချစ်ပုဂ္ဂိုလ်တွေနဲ့ပါ ထပ်ဆုံရတော့ အတိုင်းအဆမဖော်ပြနိုင်တဲ့ ကျေနပ်မှုမျိုးတွေ ရင်ထဲမှာဖော်မပြတတ်အောင်ပါဘဲဗျာ” ဟု၍ သူ့ရင်ထဲက ပကတိ ခံစားချက်ကိုပြောပြခဲ့ပါသည်။
