ဘုံကထိန်အပြန် ကားမှောက် ၄ ဦးသေဆုံး
ဘုံကထိန် ပဒေသာပင် ပို့ဆောင်ပြီး ပြန်လာသော ကားတစီး တိမ်းမှောက်၍ လူ ၄ ဦး သေဆုံးမှု ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဖြစ်ပွားခဲ့သည်ဟု မြို့ခံများ အပြောအရ သိရသည်။
အေးရိပ်ငြိမ် ကားဝင်းမှ ဦးစီးပြုလုပ်သည့် ကထိန်ပွဲတော်မှ ပဒေသာပင်များကို ကင်းတောင် ဘုန်းကြီးကျောင်းသို့ သွားရောက်ပို့ဆောင်ပြီး ပြန်လာသည့် အောင်သစ္စာယာဉ်လိုင်းမှ ကားတစီး လွန်ခဲ့သည့် ၂ ရက်နေ့ ညနေပိုင်းတွင် တိမ်းမှောက်သည့်အတွက် ကလေးငယ် ၂ ဦး ၊ အသက် ၂၃ နှစ်အရွယ် စပယ်ယာတဦး နှင့် အမျိုးသမီးတဦး သေဆုံး သွားခဲ့သည်။
“ကင်းတောင် ဘုန်းကြီးကျောင်းကို ပဒေသာပင်ပို့ပြီး ပြန်လာတဲ့ကား လမ်းချော်ပြီး မှောက်တာ ဖြစ်တယ်။ အားလုံးပေါင်း အစီး ၁၀ လောက် ရှိတယ်။ ပြန်သွားတဲ့ကား မှောက်တာ။ အသက် ၁၀ နှစ်ကျော် မောင်နှမ နှစ်ယောက် သေတယ်။ မောင်နှမ ၂ ယောက်က ၃ တန်း နဲ့ ၄ တန်း ကျောင်းသူ၊ ကျောင်းသားတွေ ဖြစ်တယ်”ဟု တောင်ကုတ် မြို့ခံတဦး က ပြောသည်။
သူက“မီးကျောင်းထိုးနဲ့ မောင်ကန်ရွာကြားမှာ မှောက်တာ၊ကားပေါ်မှာ လူ ၇၀ လောက်ပါတယ်။ လူပေါင်း ၄၀ လောက် ထိခိုက်ထဲမှာ လူ ၂၀ လောက်ကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရတယ်။ ကားမှာပါတဲ့ လူတွေ တော်တော်များ ဒဏ်ရာရတယ်။ ယာဉ်မောင်းတဲ့ သူက ထွက်ပြေး သွားတယ်။ လမ်းခုလပ်မှာ ယာဉ်မောင်း ပြန်မိတယ်။ မောင်းတဲ့လူက အရက် သောက်ထားတယ် လို့ ပြောတယ်။ မနေ့က နောက်ထပ် ဒဏ်ရာရတဲ့ အမျိုးသမီး တဦး ဆေးရုံမှာ ထပ်မံ သေဆုံး တယ် လို့ ကြားတယ်” ပြောသည်။
နှစ်စဉ် အေးရိပ်ငြိမ် ကားဝင်းအတွင်း ယာဉ်လိုင်းများမှာ အောက်တိုဘာလ ၃၁ ရက် ဦးစီးပြုလုပ် သည့် ကထိန်ပွဲတော် ပဒေသာပင်များကို တောင်ကုတ်အတွင်းရှိ မဲပေါက်ရာကျောင်းတိုက်များ သို့ လိုက်လံပို့ဆောင် လှူဒါန်းလေ့ရှိသည်။
Mizziama News
