ရခိုင်ပြည်က ရှေးဟောင်းအမွေအနှစ် စင်ကာပူဘုန်းကြီး လက်ဝယ်ရှိ
မြန်မာနိုင်ငံ ရခိုင်ပြည် မြောက်ဦးမြို့က အများသူငါက မြတ်စွာဘုရားရဲ့ အံတော်ဓာတ် တစ်ဆူလို့ အစဉ်အလာ လက်ခံထားကြတဲ့ အံတော်ဓာတ် တစ်ဆူဟာ ယခု စင်ကာပူနိုင်ငံက ဘုန်းကြီး ရှီဖာကြောင် (Shi Fazhau) ရဲ့ လက်ထဲကို ရောက်ရှိလို့ နေပြီဖြစ်ပါတယ်။
ဘုန်းကြီး ရှီရဲ့ ၀က်ဆိုက်အရတော့ မြောက်ဦးမြို့ကဘုန်းတော်ကြီး ဦးစက္ကပါလ (ဗန်ဓုလ ဘုန်းတော် ကြီးကျောင်းထိုင်)က သူ့ကို လက်ဆောင်ပေးလိုက်တာပါတဲ့။
ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံက သမိုင်းဝင် အမွေအနှစ်တစ်ခု ကို ယခုလို လက်ဝယ်ထားတာ ဟာ ဘုန်းတော်ကြီး ရှီအတွက် ၀ိနည်းသိက္ခာနဲ့ ညီတဲ့ လုပ်ရပ်တစ်ခု တော့ မဖြစ်နိုင်ပါဘူး။
ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံ ရှေးဟောင်းပစ္စည်းအက်ဥပဒေအရ အခုလို နှစ်ပေါင်းများစွာ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ ပစ္စည်းတစ်ခုခုကို မြန်မာပြည်ကနေ ပြည်ပနိုင်ငံတစ်ခုသို့ တရားမ၀င် ယူဆောင်သွားခြင်းဟာ ဥပဒေနဲ့ ငြိစွန်းနေလို့ပါပဲ။ဘုန်းကြီး ရှီဖာကြောင်က လက်ဆောင် ရရှိတယ်လို့ သူ့ဝက်ဆိုက်မှာတော့ ဆိုထားလေရဲ့။ ဒါပေမဲ့ မြန်မာပြည်ရဲ့ ရှေးဟောင်းပစ္စည်းတစ်ခုဟာ တစ်ဦးတစ်ယောက်ပိုင် ပစ္စည်းမဟုတ်ဘဲ ပြည်သူလုထု အားလုံး ပိုင်ဆိုင်တဲ့ သမိုင်းအမွေ ဖြစ်တယ်ဆိုတာ ဘုန်းကြီး ရှီ သိဖို့ ကောင်းပါတယ်။ ဗုဒ္ဒဘာသာဝင်တွေ အထွတ်အမြတ်ထားရာ အံတော်ဓာတ်ဟာ စောစောက ပြောခဲ့တဲ့ မြောက်ဦးမြို့က ဘုန်းကြီး တစ်ဦးတစ်ယောက်တည်း ပိုင်ဆိုင်တာ မဟုတ်ပါဘူး။
ဗုဒ္ဒဘာသာဝင် မြန်မာပြည်သူ အားလုံးနဲ့ သက်ဆိုင်တာပါ။ ဒါကြောင့် မြောက်ဦးကဘုန်းကြီး အနေနဲ့ မိမိတို့ရဲ့ အမွေအနှစ်ကို ပြည်ပဘုန်းကြီးတစ်ပါးကို လက်ဆောင် မပေးနိုင်သလို ဘုန်းကြီး ရှီအနေနဲ့လဲ လက်ဝယ်ပိုင်ဆိုင်ဖို့ မသင့်လျော်ပါဘူး။ မြန်မာပြည် ရှေးဟောင်းပစ္စည်း အက်ဥပဒေအရ အခုလို မြန်မာပြည်ကခိုးထုတ်သွားတာဟာ အပြစ်ရှိတဲ့ လုပ်ရပ်တစ်ခုလဲ ဖြစ်ပါတယ်။စစ်တွေနဲ့ မြောက်ဦးက ရရှိခဲ့တဲ့ သတင်းများအရကတော့ စောစောက ပြောခဲ့တဲ့ အံတော်ဓာတ်ကို မြောက်ဦးဘုန်းကြီးဆီကနေ စင်ကာပူဘုန်းကြီး ရှီဖာကြောင် ၀ယ်ယူသွားခြင်း သာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရခိုင် မင်းနေပြည်တော် ဖြစ်ခဲ့ဖူးတဲ့ မြောက်ဦးမြို့မှာ အများက အံတော်လို့ လက်ခံထားကြတဲ့ အံတော်ဓာတ် နှစ်ဆူရှိပါတယ်။ တစ်ခုက ၁၆ ရာစု ဘုရင်မင်းဗာကြီး တည်ထားခဲ့တဲ့ အံတော်သိမ် မှာ ကိန်းဝပ်တဲ့ အံတော်ဖြစ်ပြီး၊ နောက်တစ်ခုကတော့ ပုဂံတောင်က အံတော် ဖြစ်ပါတယ်။ အံတော်နှစ်ခုစလုံးဟာ စောစောက ပြောခဲ့တဲ့ မြောက်ဦးမြို့က ဘုန်းတော်ကြီး ကျောင်းထိုင်ရာ ဘုန်းကြီးကျောင်းမှာ ကိန်းဝပ်ခဲ့ပါတယ်။အဲဒီ အံတော်နှစ်ဆူစလုံးကို ၂၀၀၂ ခုနှစ်တုန်းက ရှီဖာကြောင်က ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။
ပုဂံတောင်က အံတော်ကို ယူဆောင်သွားစဉ်က ဘယ်သူမှ မရိပ်မိလိုက်ကြပေမဲ့၊ ဒုတိအကြိမ် ဘုန်းကြီးရှီရဲ့ တပည့်များ အံတော်သိမ်က အံတော်ကို သယ်ယူရာမှာတော့ စစ်တွေလေဆိပ်မှာ စစ်ထောက်လှမ်းရေးက ဖမ်းမိလိုက်ပါတယ်။ဒါပေမဲ့ ရှီဖာကြောင်ဟာ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ အနီးကပ်ရင်းနှီးတာကြောင့် ဘာအရေးယူခြင်းမှ မခံခဲ့ရပါဘူး။ မြောက်ဦးက ဘုန်းကြီးလဲ အဲဒီနှစ်အကုန်မှာ ပျံလွန်ခဲ့ပါတယ်။ ဘုန်းကြီးပျံတော့ သူ့ရဲ့သေတ္တာထဲမှာ သိန်းပေါင်းများစွာသော ငွေတွေကို တွေ့ရပါတယ်တဲ့။ ရှီဖာကြောင် ၀ယ်ယူသွားခဲ့တဲ့ အထောက်အထားတွေ ဖြစ်တယ်လို့ဆိုပါတယ်။မြတ်စွာဘုရားရဲ့ အံတော်ဓာတ်လို့ ပြောနေကြတဲ့ အဲဒီ အံသွား စင်ကာပူကိုရောက်ရှိသွားပြီး၊ ၀က်ဆိုက်မှာ ကြေညာလိုက်စဉ်မှာ တော့ သွားဖက်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခတွေကြားမှာ လေ့လာသုံးသပ်စရာ တစ်ခု ဖြစ်သွားခဲ့ပါတယ်။ Dr Pamela Craig, (University of Melbourne/ School of Dental Science, Australia) နဲ့ Professor David Whittaker (Cardiff University, Britain) တို့ကတော့ အခု အံသွားဟာ လူတစ်ယောက်ရဲ့ အံသွား မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။
အဲဒီ သုံးသပ်ချက်က ၂၀၀၇ ခု ဇူလိုင် ၁၅ ရက်နေ့ထုတ် The Nation သတင်းစာမှာ ပါရှိခဲ့ ပါတယ်။ ဂျပန်နိုင်ငံ ကန်ဒ တက္ကသိုလ်က ရခိုင် သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းကလဲ မြတ်စွာဘုရားရဲ့ အံတော်အစစ်ဆိုတာနဲ့ ပတ်သက်လို့ သံသယရှိကြောင်း wao-mail group မှာ ဖော်ပြခဲ့ပါတယ်။အခုတင်ပြနေတာက ဗုဒ္ဒွရဲ့စစ်မှန်တဲ့ အံတော် ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာကို ပြောနေတာ မဟုတ်ပါဘူး။ ဒီပစ္စည်းဟာ ရှေးဟောင်း အမွေအနှစ်ပစ္စည်း ဖြစ်ပါတယ် ဆိုတာကို တင်ပြနေတာပါ။အခု စင်ကာပူကို ရောက်နေတဲ့ အံတော်ဓာတ်မူလကိန်းဝပ်ခဲ့ရာ ပုဂံတောင် စေတီဟာ မြောက်ဦးခေတ် (၁၄၃၀-၁၇၈၄ အေဒီ) အတွင်း တည်ထားခဲ့တာဖြစ်လို့ ဒီအံတော်ဓာတ်ရဲ့ ကိုးကွယ်မှု သက်တမ်းဟာ အနည်းဆုံး နှစ်ပေါင်း နှစ်ရာ ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရှေးဟောင်း ပစ္စည်းအက်ဥပဒေအရ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်း ရှိတဲ့ မည်သည့်ပစ္စည်းကို မဆို ရှေးဟောင်းပစ္စည်းလို့ သတ်မှတ်ပါတယ်။ ဒါကြောင့် အခုစင်ကာပူ ၀က်ဆိုက်က တရားဝင်ကြေညာနေတဲ့ ရခိုင်ပြည် မြောက်ဦးမြို့က အံတော်ဟာ ရှေးဟောင်း ပစ္စည်း ဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး။ဒီတော့ခါ မြန်မာပြည်ရဲ့ သမိုင်းဝင် အမွေအနှစ်ဖြစ်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို စင်ကာပူဘုန်းကြီး ရှီဖာကြောင် တရားမ၀င် ယူဆောင်သွားတဲ့ လုပ်ရပ်တစ်ခုဟာ ဥပဒေနဲ့ မငြိစွန်းနေဘူးလားဗျာ။ ။ ကိုင်း…. စင်ကာပူက ရွှေမြန်မာတွေဘာလုပ်ကြမှာလဲ။ သွားပြီးတော့ပဲ ဖူးကြမလား၊ ဥပဒေကြောင်းအရပဲ ကန့်ကွက်ကြမလား။ ။
စင်ကာပူနိုင်ငံ ဗုဒ်ဓအံတော်သိမ်ကျောင်း ၀က်ဆိုက်တစ်ခုဖြစ်တဲ့ http://www.btrts.org.sg ရဲ့ ဖော်ပြချက်အရ။ ။
