ရခိုင်ပြည်နယ်အတွင်း စက်သုံးဆီများကို လွတ်လပ်စွာ သယ်ယူခွင့် ပြုရန် ညွန်ကြား
ရခိုင်ပြည်နယ် ပယကမှ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့များသို့ စက်သုံးဆီများကို လွတ်လပ်စွာ ဖြန့်ဖြူးခွင့် ပြုရန်နှင့် ဖမ်းဆီးခြင်း မပြုလုပ်ရန် ညွန်ကြားလိုက်ကြောင်း အမည်မဖေါ်လိုသူ စက်သုံးဆီ ရောင်းဝယ် ဖေါက်ကားသူ တဦးက ပြောသည်။
“အရင်ကတော့ စက်သုံးဆီ သယ်မယ် ဆိုရင် သယ်ယူခွင့်ပါမိတ်ပါရတယ်။ အရောင်းအ၀ယ် ပြေစာတွေကို ပြရတယ်။ ကင်းစခန်းတွေနဲ့ အကောက်ဂိတ်တွေကို အထောက်အထားတွေ စာရွက်ပြပေမယ့် သူတို့ကို ပိုက်ဆံ မဟုတ်ရင် ဆီတွေကို ဂါလံ လိုက်ပေးရတယ်။ အခုတော့ စက်သုံးဆီကို ရခိုင်ပြည်နယ် အတွင်း လွတ်လပ်စွာ သယ်ယူခွင့် ပြုပေးလိုက်တယ် ဆိုတော့ အရင်ကလို စက်သုံးဆီအတွက် အကောက်ငွေတွေ ပေးစရာ လိုတော့မယ် မထင်တော့ပါဘူး” ဟု သူက ပြောသည်။
နအဖ စစ်အစိုးရမှ မြန်မာနိုင်ငံတွင် တံခါးဖွင့် စီးပွားရေး မူဝါဒကို ကျင့်သုံးကြောင့် သူတို့ အာဏာ ရရှိချိန်မှ စပြီး ကျေညာထားသော်လည်း အဆိုပါ စီးပွားရေး တံခါးဖွင့် မူဝါကို ရခိုင်ပြည်သူများ ယနေ့ထက်ထိ ခံစားခွင့် မရရှိကြောင်းသူက ယခုကဲ့သို့ ပြောသည်။
“ တံခါးဖွင့် စီးပွားရေး ၀ါဒလို့သာ သူတို့က ကျေညာတာပါ။ ရခိုင်ပြည်နယ်မှာ ဘယ်ရခိုင် လယ်သမားမှ သူတို့စိုက်ပျိုးလို့ ရရှိတဲ့ ဆန်စပါးတွေကို လွတ်လပ်စွာရောင်းချလို့ မရပါဘူး။ တရွာက တရွာကို မပြောင်းရဘူး။ မြို့နယ် တမြို့နယ်က တမြို့နယ်ကို မသယ်ရဘူး။ ဘယ်ရခိုင် စီးပွားရေးသမားမှ စီးပွားရေးကို လွတ်လပ်စွာ ရောင်းဝယ် ဖေါက်ကားလို့ မရဘူး။ ယုတ်စွ အဆုံး ၀ါးနဲ့ ဓနိကိုတောင် တမြို့နယ်က တမြို့နယ်ကို သယ်ယူခွင့် မရှိပါဘူး။ စစ်တပ်နဲ့ ရဲကို မပေးရင် တရားဝင်တဲ့ ပစ္စည်းရော တရားမ၀င်တဲ့ ပစ္စည်းရော ဘာမှ သယ်ယူလို့ မရပါဘူး။”
ရခိုင်ပြည်နယ် မြစ်ချောင်းများကို အသုံးပြုပြီး သွားလာရသဖြင့် အဆိုပါ မြစ်ချောင်းများတွင် အချက်အချာကျသော နေရာများတွင် ဗမာရေတပ်၊ စစ်တပ်၊ ရဲနှင့် သစ်တောဌာနများမှ ကင်းစခန်းများနှင့် အကောက်ဂိတ်များ ဖွင့်လှစ်ပြီး ဖြတ်သန်းသွားလာသည့် စက်လှေ၊ သဗ္ဗာန်များနှင့် မော်တော်ဘုတ်များမှ သယ်ယူလာသည့် ကုန်ပစ္စည်းများမှ အခွန်များကောက်ယူကြောင်း သိရသည်။
“ အဓိကတော့ စက်သုံးဆီတို့ ဆန်စပါးတွေကို သူတို့က တင်းတင်းကြပ် တားမြစ်ထားပြီး သယ်ယူလာရင် အကောက် အများကြီး ကောက်ယူပါတယ်။ စက်သုံးဆီဈေးတွေက ခုလို အစိုးရ၀န်ထမ်းတွေက မတရားငွေတွေကောက်ခံတဲ့အတွက် သယ်ယူပို့ဆောင်ခစရိတ် ကြီးမြှင့်တော့ ရခိုင်ပြည်နယ်ရဲ့ ကုန်ဈေးနုန်းက ကျတယ်လို့ မရှိဘူး။ ဆက်တက်ရင်း တက်နေတာ ဖြစ်ပါတယ်။ ခုတော့ စက်သုံးဆီတွေကို လွတ်လပ်စွာ သယ်ယူခွင့် ပေးလိုက်ပြီဆိုတော့ ရေယာဉ် ဈေးနုန်းတွေကျနိုင်တယ်။ ကုန်ဈေးနုန်းတွေ ကျလာနိုင်ပါတယ်” ဟု သူက ပြောသည်။
ယခုကဲ့သို့ စက်သုံးဆီဈေးနုန်းများ အဆမတန် ကြီးမြှင့်နေမူကြောင့် ၁၆ မိုင်သာ ခရီးရှိသော ဘူးသီးတောင်နှင့် မောင်တောကားလမ်းတွင် လူတဦးကားခမှာ ၄၀၀၀ ကျပ်ရှိကြောင်း သိရသည်။
Narinjara News
