Arakan Review

Learn from the masses, and then teach them.
Subscribe

ရဲတပ်ဖွဲ့ မိသားစုများအား အမြင်မတော်သည့် လုပ်ငန်းများတွင် ပါဝင် မလုပ်ကိုင်ရန် နိုင်ငံတော်ရဲချုပ်က ညွန်ကြား

November 06, 2009 By: moe moe kyaw Category: သတင်း

မြန်မာနိုင်ငံရှိ ရဲတပ်ဖွဲ့ မိသားစုဝင်များအား အမြင်မတော်သည့် လုပ်ငန်းများတွင် ပါဝင် မလုပ်ကိုင်ရန် နိုင်ငံတော်ရဲချုပ်က အမိန့်စာ ထုတ်ပြီး တားမြစ်လိုက်သည်ဟု အမည်မဖေါ်လိုသူ ရဲတပ်သား တဦးက ပြောသည်။

“ ရဲတပ်ဖွဲ့ မိသားစုဝင်တွေကို နွားအဌားကျောင်းတဲ့ လုပ်ငန်းတွေ မလုပ်ကိုင်ဖို့၊ အမိုက်သိမ်းတဲ့ အလုပ်တွေ မလုပ်ဖို့နဲ့ ပြည်တန်ဆာ လုပ်ငန်း အပါအ၀င် လူတွေ အမြင် မမွေ့လျော်တဲ့ လုပ်ငန်းတွေမှာ မပါဝင် မလုပ်ကိုင်ရ ဆိုပြီး တားမြစ်လိုက်တာပါ။”

“ ဒါ့အပြင် အမိန့်စာထဲမှာ ဆင်းရဲနွမ်းပါးတဲ့ ရဲမိသားစုတွေကို အသေးစား စီးပွားရေး လုပ်ငန်းတွေ အတွက် မတည်ငွေတွေ ထုတ်ချေးပေးမယ်ဆိုပြီးလည်း ပါဝင်ပါတယ်။ ဒီကိစ္စအတွက် ရဲတပ်ဖွဲ့ဝင် မိသားစုတွေ အတွင်း စီးပွားရေး စစ်တမ်းကောက်ယူမယ်လို့လည်း သိရပါတယ်” ဟု သူက ပြောသည်။ ၎င်းပြင်သူက “ ညွန်ကြားချက်ထဲမှာ သက်သာချောင်ချိရေး ဆိုင်တွေက ပစ္စည်းတွေကို ရဲတဦးရဲ့ လစာရဲ့ သုံးပုံ တပုံထိ အကြွေး စနစ်နဲ့ ရောင်းချဖို့ လည်း ပါဝင်ပါတယ်။ ခုလို လုပ်တာက ရဲမိသားစုတွေ အထူး အကျပ်အတည်း ဖြစ်နေတဲ့အတွက် သက်ဆိုင်ရာက စီစဉ်ပေးတာ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ရဲတပ်သား အများစုမှာ လစာ မလုံလောက်သဖြင့် သားမယားများ အနေဖြင့် နွားအဌားကျောင်းခြင်း၊ ကုန်ပစ္စည်းများ သယ်သူ ကူလီများ အဖြစ် လုပ်ကိုင်ရခြင်း၊ မကောင်း ဒုစရိုက်လုပ်ငန်းများတွင် ပါဝင် လုပ်ကိုင်ရခြင်း တို့ကြောင့် ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာ ကျဆင်း နေသည်ဟု သိရသည်။ ရဲအထက် အရာရှိများမှာ လာဒ်ပေး လာဒ်ယူမူကြောင့် ချမ်းကြွယ်ဝ နေကြသလောက် အောက်လက်ငယ်သား ရဲတပ်သားများမှာ အစိုးရမှ ထုတ်ပေးသော လစာဖြင့် မလုံလောက်သဖြင့် ဘ၀ရပ်တည်ရေး အတွက် အထူး ဒုက္ခကျရောက်လျှက် ရှိနေကြသည်ဟု သတင်းများ ရရှိသည်။

Narinjara News

Leave a Reply