Arakan Review

Learn from the masses, and then teach them.
Subscribe

ယူအန် အရာရှိမှ မြန်မာ မြို့ပေါ် ဒုက္ခသည်များကို ခေါ်ယူ တွေ့ဆုံ

November 06, 2009 By: moe moe kyaw Category: သတင်း

two-day-meeting-320

ဒက္ကားမြို့ အခြေစိုက် ကုလသမဂ္ဂ မဟာမင်းကြီးရုံး တာဝန်ရှိသူများမှ မြန်မာမြို့ပေါ် ဒုက္ခသည်များကို ခေါ်ယူပြီး တွေ့ဆုံ ဆွေးနွေးပွဲ တရပ်ကို ပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲကို ကော့ဘဇား (ဖလောင်းချိတ်) ရှိ Shai Bal ဟိုတည်တွင် နိုဝင်္ဘာလ ၄ ရက်နေ့နှင့် ၅ ရက် နေ့များတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာ ဒုက္ခသည် ၁၀၀ နီးပါးခန့် တက်ရောက်ခဲ့သည်။

ယူအန် အရာရှိ Mr Jelvas Musau က ဆွေးနွေးပွဲသို့ တက်ရောက်လာသူများကို အောက်ပါ အတိုင်း ပြောကြားသည်ဟု ဒုက္ခသည် တဦးဖြစ်သူ ဦးစံမြအောင်က ပြောသည်။ “သူပြောကြားတာကတော့ လွန်ခဲ့တဲ့နှစ်က ဘင်္ဂလာဒေခ်ျ့ အန်ဂျီအို တခုနဲ့ ဒုက္ခသည်တွေ အတွက် လုပ်ငန်းတွေ ပူးဆောင်ရွက်တဲ့ နေရာမှာ အောင်မြင်မူ မရခဲ့တာတွေ ရှိတယ်။ ဒါတွေကို ဒီနှစ်မှာ အောင်မြင်အောင် ဆောင်ရွက်သွားမယ်။ ဒုက္ခသည်တွေအတွက် လုံခြုံရေး ကျန်းမာရေး ကိစ္စရပ်တွေမှာ တိုးတက်အောင် ဆောင်ရွက်ပေးသွားမယ်ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

” မြန်မာ ဒုက္ခသည် အများစုမှာ ယူအန်မှ လစာထောက်ပံ့ကြေးများကို ဖြတ်တောက်လိုက်သဖြင့် စားဝတ်နေရေး အခက်အခဲ ရှိနေသဖြင့် SA ခေါ် လစဉ်ထောက်ပံ့ကြေးကို ပြန်လည် ထောက်ပံ့ပေးရန် တောင်းဆိုခဲ့ကြသည်။ “သူက လစဉ်ထောက်ပံ့ကြေး ပေးဖို့ ယူအန်မှာ ပေါ်လစီ မရှိဘူး။ ဘင်္ဂလာဒေခ်ျ့မှာ ရပ်တည်နေထိုင်နိုင်ရေး အတွက် အလုပ်အကိုင်တွေ လုပ်နိင်အောင် သင်တန်းတွေ ပေးသွားမယ်။ ကျွမ်းကျင်မူ စကီးတွေကို မြှင့်သွားမယ်ဆိုပြီး ပြောဆိုသွားခဲ့ ပါတယ်” ဟု သူက ဆက်ပြောသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ လူဦးရေ အလွန် ထူထပ်ပြီး အလုပ်လက်မဲ့ ဦးရေ အလွန်များပြား နေသဖြင့် မြန်မာနိုင်ငံသားများ အလုပ် လုပ်ကိုင်ပြီး ဘ၀၀မ်းကျောင်းရန်မှာ မလွယ်ကူကြောင်း တင်ပြပြောဆိုသော်လည်း ယူအန်အရာရှိမှ အဆိုပါ ကိစ္စကို တစုံတရာ ပြောဆိုခြင်း မရှိကြောင်း သိရသည်။ မြန်မာ မြို့ပေါ် ဒုက္ခသည်များမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် လုံခြုံရေး အပါအ၀င် စားဝတ်နေရေး အခက်အခဲများဖြင့် ရင်ဆိုင်နေကြရသဖြင့် သူတို့အား တတိယ နိုင်ငံ တခုခုတွင် အခြေချ နေထိုင်ခွင့် ပြုရန် တောင်းဆိုခဲ့ကြသည်။ ” သူက တတိယ နိုင်ငံ တခုခုမှာ အခြေချ နေထိုင်နိုင်ရေး အတွက် နိုင်ငံတွေ လိုက်ရှာနေတယ်။ ရရှိရင် ဘင်္ဂလာဒေခ်ျ့ အစိုးရနဲ့ ဆွေးနွေးပြီး ဒီကိစ္စကို ဆောင်ရွက်သွားမယ်ဆိုပြီး ပြောဆိုသွားခဲ့တယ်။

အားလုံးကို ပို့ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ ပြောသွားပါတယ်။” ဟု ဦးစံမြအောင်က ဆက်ပြောသည်။ ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ယူအန် အသိအမှတ်ပြု မြန်မာနိုင်ငံမှ ရခိုင်နှင့် ချင်း မြို့ပေါ် ဒုက္ခသည် ၃၀၀ နီးပါးခန့်သာရှိပြီး အများစု လာလျှောက်ထားသူများကို ဒုက္ခသည် အဖြစ် အသိအမှတ်ပြု မခံရဘဲ ရှိနေသည်ဟု သိရသည်။ ဘင်္ဂလာဒေခ်ျ့ရှိ မြို့ပေါ် ဒုက္ခသည်များအား ယူအန်မှ တတိယနိုင်ငံများတွင် အခြေချနေထိုင်ခွင့် ပြုပေးနေသော်လည်း အဆိုပါ အရေအတွက်မှာ အလွန်နည်းပါးသဖြင့် မြန်မာ ဒုက္ခသည် တတိယနိုင်ငံတွင် အခြေချနေထိုင်ခွင့် ရရှိရေးကို တိုးမြှင့် ပေးရန် လိုလားနေကြသည်ဟု သိရသည်။

ယခုပြုလုပ်သော ဆွေးနွေးပွဲမှာ ယူအန်နှင့် မြန်မာ ဒုက္ခသည်များ အကြား နှစ်စဉ် ပုံမှန် ပြုလုပ်နေသော အစည်းအဝေးဖြစ်ပြီး ယခုနှစ်တွင် ပထမဆုံး အကြိမ် ပြုလုပ်ခြင်း ဖြစ်သည်။

Narinjara News

Leave a Reply